Fuel Dilution In Engine Oil (အင်ဂျင်ဝိုင်ထဲသို့ ဒီဇယ်ရောနှောခြင်း) – အဆိုပါ အင်ဂျင်ပြဿနာကို အများအားဖြင့် ခေတ်မှီသော Injector ပါဝင်သည့် အင်ဂျင် များတွင် အဖြစ်များသည်ကိုတွေ့ရပါသည်။ အင်ဂျင်ဝိုင် သည် ချောဆီဖြစ်သောကြောင့် စေးပြစ်သော ဂုဏ်သတ္တိ ရှိပြီး၊ ဒီဇယ်ဆီ မှာ လောင်စာဆီဖြစ်သောကြောင့် အင်ဂျင်ဝိုင်ထက် ကျဲပါသည်။ အင်ဂျင်ဝိုင်ထဲသို့ ဒီဇယ်ရောပါက အင်ဂျင်ဝိုင် အရောင်ပြောင်းပြီး ကျဲလာကာ အင်ဂျင်ဝိုင် ဖိအားကျဆင်းခြင်း၊ အင်ဂျင်ထဲတွင် အင်ဂျင်ဝိုင်များ ပြည့်လာခြင်းကြောင့် ဘရီသာမှ မှုတ်ထုတ်ခြင်း၊ ဆီအလွှာပါးလာခြင်းကြောင့် အင်ဂျင်အတွင်း ပစ္စည်းများ ပွန်းစားမှု့များလာခြင်း၊ အင်ဂျင် အပူချိန်တက်လာခြင်း ၊ အင်ဂျင်သံများပြောင်းလာခြင်း၊ မီးခိုးမဲများစွာထွက်လာခြင်း နှင့် အင်ဂျင် သံများပြောင်းလာခြင်း တို့ဖြစ်ပေါ်နိုင်ပါသည်။
အင်ဂျင်ဝိုင်ထဲသို့ ဒီဇယ်ဆီ ရောနိုင်သော အချက်များမှာ ဒီဇယ် ထရွန်စဖာပန့်ရှတ်ဆီး သို့မဟုတ် ပန့်ပွန်းစားမှု့များရှိခြင်း၊ အင်ဂျတ်တာ ဆီးကွင်းများမှ ရောနှောခြင်း၊ အင်ဂျတ်တာ အတွင်းပွန်းစားမှု့များကြောင့် ရောနှောခြင်း၊ အင်ဂျတ်တာ အထိုင်စလစ် ဆီးသို့မဟုတ် စလစ်မှယိုစိမ်းခြင်း၊ အင်ဂျတ်တာ အထိုင် အင်ဂျင်ဟတ်အသားကွဲခြင်း၊ အချို့အင်ဂျင်များတွင် ဒီဇယ်ပန့်မှရောနှောခြင်းတို့ ဖြစ်ပါသည်။ အပြန်အလှန်အားဖြင့် ဒီဇယ်ဆီများသည်လည်း အင်ဂျင်ဝိုင်များကြောင့် အရောင်မဲလာကာ ဒီဇယ်ဖစ်တာပိတ်ခြင်း၊ ဒီဇယ်ပန့် ပျက်စီးခြင်း၊ အင်ဂျတ်တာများ ပျက်စီးနိုင်ခြင်းတို့လဲ ဖြစ်ပေါ်နိုင်ပါသည်။ အဆိုပါ ပြဿနာများဖြစ်ပေါ်ပါက ပြင်ဆင်ရန်အပြစ်ရှာရာတွင် အချိန်ပေးလုပ်ဆောင်ရခြင်းများရှိပါသည်။ အင်ဂျင်ဝိုင်သည် ကျဲလာ၍ ဆက်လက်သုံးရန် လုံးဝမသင့်တော့်ပါ အင်ဂျင်သက်တန်းကို တိုစေမည့်အပြင် အင်ဂျင်အတွင်းပိုင်း ပစ္စည်းများကို မြန်စွာပျက်စီးစေမည်ဖြစ်၍ အဖြေရှာ၍ အမြန် ပြင်ဆင်ဖို့ လုပ်ဆောင်ရပါမည်။
Coolant In Engine Oil ( အင်ဂျင်ဝိုင်ထဲသို့ရေရောက်ခြင်း)- အင်ဂျင်ဝိုင်ထဲသို့ ရေရောက်ခြင်းကြောင့် များစွာသော ဆိုးကျိုးများ အင်ဂျင်တွင် ဖြစ်ပေါ်စေပါသည်။ အင်ဂျင်ဝိုင်နှင့် ရေ ရောနှောခြင်းမှာ အများအားဖြင့် အင်ဂျင် ဟတ်ဂတ်စကတ် ပေါက်ခြင်း၊ အင်ဂျင်ဟတ်ပျက်စီးခြင်း၊ လိုင်နာ စလစ်ကွဲခြင်း ပေါက်ခြင်း နှင့် စလစ်ဆီးများ ပေါက်ခြင်း၊ အင်ဂျင်ဝိုင်ကူလာ ပျက်စီးခြင်းနှင့် အင်ဂျင် ဘော်ဒီ(Engine Block) ကွဲခြင်းတို့ ကြောင့်ဖြစ်ပါသည်။ မီးခိုးဖြူထွက်ခြင်း ၊ မီးခိုးအပြာရောင်များ ထွက်ခြင်း၊ အင်ဂျင်ဝိုင် ဖြူပြီး အရောင်ပြောင်းသွားခြင်း၊ အင်ဂျင်ဆူညံသံများထွက်ခြင်း၊ အင်ဂျင် အပူချိန်တက်လာခြင်း၊ ရေတိုင်ကီ Coolant တွင်ဆီစများတွေ့ခြင်း၊ ရေ ခဏ ခဏဖြည့်ရခြင်း၊ Water Pump များ ပျက်စီးခြင်း၊ Engine Oil Cooler ပိတ်ခြင်းနှင့် ရေတိုင်ကီ ပိတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ထိုသို့ပြစ်ချက် များတွေ့ရှိပါက ချက်ချင်းအဖြေရှာ ပြင်ဆင် ဆောင်ရွက် ရမည်ဖြစ်ပါသည်။
Engine Can’t Start or Hard Start (အင်ဂျင်နှိုးမရခြင်း) – အင်ဂျင်နှိုးမရ သော အကြောင်းအရင်းများမှာ ဘက်ထရီမကောင်းခြင်း၊ သောအုံမကောင်းခြင်း၊ ဖြူးပြတ်ခြင်း၊ မိန်းရလေး စတတ်တာရလေး စတတ် ကွန်ထရိုးရလေး စသည်တို့မကောင်းခြင်း၊ စတတ်မော်တာ ဆိုလိုနိုက်မကောင်းခြင်းနှင့် စတတ်မော်တာမကောင်းခြင်း၊ အင်ဂျင်ကွန်ထရိုလာမကောင်းခြင်း၊ အင်ဂျင်ဝိုင် ဖိအား ဆင်ဆာ မကောင်းခြင်း၊ စပိနှင့် တိုင်မင်ဆင်ဆာ မကောင်းခြင်း၊ ဟန်းပန့်မကောင်းခြင်း၊ ဒီဇယ်ပန့် ဆပလိုင်းပန့် ထရွန်စဖာပန့်မကောင်းခြင်း၊ အင်ဂျတ်တာ မကောင်း ခြင်း၊ ဒီဇယ်ဖစ်တာ အလွန်ပိတ်ခြင်း၊ ဒီဇယ် ပရတ်ရှာ မကောင်း ခြင်း၊ အင်ဂျင်တိုင်မင် မမှန်ခြင်း၊ အင်ဂျင် ကွန်ပရတ်ရှင်း အလွန်ကျခြင်း နှင့် ဒီဇယ်ဖွင့်ပိတ် ဆိုလိုနိုက် မကောင်း ခြင်းစသည်တို့ကြောင့် ဖြစ်တတ်ပါသည်။ သော့အုံ လှည့်ပြီး အင်ဂျင်မွှေ့မရပါက သော့နှင့် ဘက်ထရီကြားက ဝါယာများနှင့် ဖြုး ရလေးစသည်တို့ကိုစစ်ဆေးရပါ မည်။ အင်ဂျင်မွှေ့ပြီး မနိုးနိုင်ပါက ဒီဇယ်လိုင်းမှ ဖစ်တာ၊ ဆင်ဆာ၊ ဆိုလိုနိုက်၊ စတတ်မော်တာ စသည်တို့ကိုစစ်ဆေးရပါမည်။ လျှပ်စစ်လိုင်း၊ ဒီဇယ်လိုင်းနှင့် လေလိုင်း စသည်တို့ကို အဓိကစစ်ဆေးပြင်ဆင်ရပါမည်။
Engine Blow By Too Much (အင်ဂျင်ဝိုင် မှုတ်ခြင်း) – Engine အတွင်းပိုင်း ပျက်စီးခြင်းနှင့် ကွန်ပရတ်ရှင်းမကောင်းခြင်းတို့သည် အဓိက အင်ဂျင်ဝိုင် မှုတ်ခြင်း အကြောင်းများဖြစ်သည် ကွန်ပရတ်ရှင်းချိန်ဘာထဲမှ လေ ဒီဇယ်အ ရောအနှောသည် ပင်စတင်များကိုဖြတ်ကျော်ကာ အင်ဂျင် ကရိုင်းကစ်ထဲသို့ ရောက်ရှိခြင်းဖြစ်ပါသည်။ အင်ဂျင်ဝိုင်အလွန်များခြင်း၊ ပင်စတင် ရိန်းများ ပွန်းစားမှု့များခြင်း ဟာခြင်း၊ ပင်စတင် နှင့် စလစ်လိုင်နာ ပွန်းစားမှု့များ လွန်းခြင်း၊ အင်ဂျင်ဟတ်ဗား၊ ဗားဆီး၊ ဗားကွင်း၊ ဗားဂိုက် စသည်တို့ ပွန်းစားမှု့များလွန်းခြင်း၊ အင်ဂျင်ဟတ် ကွဲခြင်း၊ အင်ဂျင် ဘလောက် မျက်နှာပြင်များ နိမ့်သွားခြင်း ကွန်ပရတ်ရှင်း ချိန်ဘာ ကျဉ်းသွားခြင်း နှင့် အင်ဂျင်ဝိုင် အမျိုးအစား မကောင်းခြင်းတို့ကြောင့် အင်ဂျင် ဘရီသာမှ အင်ဂျင်ဝိုင်မှုတ်ခြင်း ဖြစ်ပေါ်စေပါသည်။ ထိုသို့ဖြစ်ပေါ်ပါက ထိုအင်ဂျင်ကို အနည်းဆုံး အထက်ဖွင့် အောက်ဖွင့် ပြုလုပ်ခြင်း သို့မဟုတ် အင်ဂျင်ဟတ် Rebuilt ပြုလုပ်ခြင်း ကို လုပ်ဆောင်ရပါသည်။ ထိုထက် အခြေအနေဆိုးပါက အင်ဂျင် Overhaul ပြုလုပ်ခြင်းဖြင့် ပြင်ဆင်မှု့ ဆောင်ရွက်ရပါသည်။
- အထက်တွင်ဖော်ပြခဲ့သော အကြောင်းအရာများကြောင့်သာမက အင်ဂျင်အတွင်းပစ္စည်းတစ်ခုခုကျိုးပဲ့ ပျက်စီးခြင်း ဉပမာ ကရိုင်းကြိုးခြင်း၊ ကွန်နတ်တိန်း Rod ကြိုးခြင်း၊ သရတ်ပလိတ် ပြုတ်ကျခြင်းတို့ကြောင့် အင်ဂျင်ရုတ်တရက်ထိုးရပ်ခြင်း ဖြစ်ပေါ် နိုင်ပါသည်။ မိမိစက်နှင့် အင်ဂျင်ကို ပြင်ဆင်ရာတွင် ကျွမ်းကျင်၍သော အင်ဂျင်နီယာများဖြင့် စနစ်တကျ ပြုပြင်မှသာ အင်ဂျင်၏ သက်တန်းမှာ ကြာရှည်စွာအသုံးပြုနိုင်မည်ဖြစ်ပါသည်။ အင်ဂျင်ပြင်ဆင်ရေး လုပ်ဆောင်ချက် အချို့ကို အောက်တွင် ဇယားဖြင့် ဖော်ပြပေးလိုက်ပါသည်။
လာမည့်အပါတ်များတွင် ဆက်လက်ဖော်ပြပါဦးမည်။
Aung Min Soe
Sales & Marketing Manager
Real Power Trading Company
0 Comments