Turbocharger ဆိုတာ Engine ကနေ Engine Power ပိုမိုရရှိစေဖို့ Inlet manifold ထဲကို လေများများဝင်အောင် ပြင်ပမှလေများကို ဖိသိပ်၍မှုတ်သွင်းပေးသော compressor တစ်မျိုးပါပဲ။ Turbocharger မှာ Turbine side နဲ့ Compressor side ဆိုပြီး နှစ်ပိုင်းပါ ပါတယ်။ Exhaust manifold  ဘက်ခြမ်းမှာတပ်ဆင်ထားတဲ့အပိုင်းကို Turbine side လို့ခေါ်ပြီး Inlet manifold နဲ့ချိတ်ဆက်ထားတဲ့အပိုင်းကိုတော့ Compressor side လို့ခေါ်ပါတယ်။ Engine စတင်လည်ပတ်ပြီဆိုရင် Exhaust manifold ကထွက်လာတဲ့ Exhaust gas တွေက Turbine side မှာရှိတဲ့ Turbine wheel ရဲ့ဒလက်တွေကိုတွန်းပြီး Turbine wheel ကို လည်စေပါတယ်။ Turbine wheel လည်တာနဲ့ Compressor side မှာရှိတဲ့ Compressor wheel လည်းလိုက်ပြီးလည်ပါတယ်။ Turbine wheel နဲ့ Compressor wheel ကို Shaft တစ်ချောင်းတည်းမှာဘဲ တပ်ဆင်ထားတာဖြစ်ပါတယ်။ Turbine wheel နဲ့ Compressor wheel ရဲ့ ဒလက်တွေက blade angle ဆန့်ကျင်ဘက်တွေဖြစ်တဲ့အတွက် Turbine wheel ဟာ Engine ထဲက Exhaust gas တွေကိုပြင်ပသို့စွန့်ထုတ်ပြီး Compressor wheel  ကတော့ Air Cleaner ကနေတဆင့်ဝင်လာတဲ့ပြင်ပလေတွေကိုစုပ်ယူပြီး Engine ထဲကိုမှုတ်သွင်းပေးပါတယ်။ အပူချိန်မြင့်မား တဲ့ Exhaust gas များနှင့် တိုက်ရိုက်ထိတွေ့လည်ပတ်နေရတဲ့အတွက် Turbocharger ရဲ့အပူချိန်မှာလည်းအလွန်မြင့် ပါတယ်။ ဒါ့ကြောင့် Turbocharger ရဲ့အလယ်ခြမ်းမှာရှိတဲ့ Bearing နဲ့ Shaft တွေကို အအေးခံဖို့နဲ့ ပွန်းစားမှုဒဏ်ကာကွယ်ဖို့ ချောဆီ (Engine oil) ကို Engine ကနေပို့ပါတယ်။ (Coolant နဲ့ အအေးခံတဲ့ Turbocharger တွေလည်းရှိပါတယ်)။ အဲ့ဒီ Engine oil တွေကို Turbine နဲ့ Compressor ဘက်ခြမ်းတွေဆီ မရောက်အောင်ထိန်းပေးထားတဲ့ Seal တွေပါပါတယ်။ Turbocharger ရဲ့ အပူချိန်မြင့်မားတာရယ် Pressure နဲ့မှုတ်သွင်းတာရယ်ကြောင့် Engine ထဲကိုဝင်လာတဲ့လေဟာလည်း ပူပါတယ်။ အဲ့ဒီလေတွေဟာ ပူပြီးပွလာတာကြောင့် Oxygen ပါဝင်မှုနည်းစေတဲ့အတွက် Inlet manifold ထဲမဝင်ခင်မှာ Turbo ကထွက်လာတဲ့လေကို Charge Air Cooler နဲ့အအေးခံရပါတယ်။ အဲ့ဒီလိုအအေးခံထားတဲ့လေဟာ ကျစ်ကျစ်လစ်လစ်နဲ့ Oxygen ပိုပါတဲ့အတွက် ဆီအချိုးကျဖြန်းလိုက်တဲ့အခါ Engine Output Power ပိုမိုရရှိလာစေပါတယ်။ ဒါ့ကြောင့် Engine Model အတူတူ၊ Displacement volume အတူတူ ဆိုရင်တောင် Turbocharger ပါတဲ့အင်ဂျင်က မပါတဲ့အင်ဂျင်ထက် Output Power ပိုရပါတယ်။ Turbocharger ပါတဲ့ Engine ချင်းအတူတူဖြစ်ရင်တောင် Charge Air Cooler ပါတဲ့စက်က မပါတဲ့ စက်ထက် Engine Output Power ပိုရပါတယ်။

          Turbocharger တွေဟာ အပူချိန်မြင့်မားသလို လည်ပတ်မှုနှုန်း (RPM) လည်း အလွန်မြင့်ပါတယ်။ Engine လည်ပတ်မှုနှုန်း 2000 RPM အခြေအနေမှာ Turbocharger ရဲ့ လည်ပတ်မှုနှုန်းဟာ 280,000 RPM ဝန်းကျင်မှာ ရှိပါတယ်။ ဒါကြောင့် စနစ်တကျဂရုစိုက်မှုမရှိရင် Turbocharger ကို ပျက်စီးစေနိုင်ပါတယ်။ Turbocharger ကိုပျက်စီးစေနိုင်တဲ့ အကြောင်းအရာတွေကတော့

၁။ Turbocharger ကိုဝင်တဲ့ Engine oil လိုင်းပိတ်ဆို့ခြင်း၊ ပေါက်နေခြင်း

၂။ Turbine နှင့် Compressor ဘက်ခြမ်းမှာ ပြင်ပအရာဝတ္ထုများ ဝင်ရောက်ခြင်း

၃။ Engine oil pressure မတက်ခြင်း

၄။ စက်နှိုးပြီးချက်ချင်း လီဗာအမြင့်တင်ခြင်း၊ Engine အရှိန်မြင့်လည်နေစဉ် လီဗာပြန်မချပဲ ချက်ချင်း စက်ရပ်ခြင်း

၅။ Air cleaner နှင့် Turbo အဝင်လေလိုင်းများ ပိတ်ဆို့ခြင်း၊

၆။ Engine Oil ထဲတွင် အညစ်အကြေးများပါနေခြင်း တို့ပဲဖြစ်ပါတယ်။

          အကယ်၍ မိမိစက်မှာ Turbocharger မကောင်းတော့ဘူးဆိုရင် Turbocharger ကနေ ပုံမှန်မဟုတ်တဲ့ အသံတွေထွက်လာတာ၊ Exhaust Muffler ကနေ မီးခိုးအပြာ (သို့) မီးခိုးအမည်းလိုက်တာ၊ Exhaust Muffler ကနေပဲ Engine Oil အမှုန်အမွှားများပါလာတာ၊ ဝန်သုံးရင် အင်ဂျင် RPM ထိုးကျသွားတာတွေ ဖြစ်တတ်ပါတယ်။

Turbocharger ကိုသက်တမ်းကြာရှည် မပျက်မစီးပဲအသုံးပြုနိုင်အောင် ဂရုစိုက်ရမည့်အချက်များမှာ

၁။ Turbo အတွင်းသို့ ပြင်ပ အမှုန်အမွှားများဝင်ရောက်မှု့မှ မရှိစေရေးအတွက် ဂရုပြုရန်။

၂။ Turbo အသစ်တပ်ဆင်ရာတွင် သန့်ရှင်းသောအင်ဂျင်ဝိုင်ဖြင့် Pre-Lube (ဆီကြိုခြင်း) ပြုလုပ်ရန်။

၃။ စက်နှိုးပြီးလျှင် ချက်ချင်းလီဗာမတင်သေးပဲ Low idle ဖြင့် ၅မိနစ်ခန့်နှိုးထားရန်။

၄။ အလုပ်ပြီး၍စက်ရပ်လျှင်လည်း လီဗာကို Low idle ထိချပြီး ၅မိနစ်ခန့်ထားပြီးမှရပ်ရန်။

၅။ Air cleaner နှင့် Turbo အဝင်လေလိုင်းများ ပိတ်ဆို့မှု၊ ယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးရန်။

၆။ Engine oil နှင့် Engine oil filter များကို သတ်မှတ်ချိန်အတိုင်းပုံမှန်လဲလှယ်ရန်။

၇။ အင်ဂျင်နိုးလျှင် Engine oil pressure alarm မီး ပျောက်/မပျောက် စစ်ဆေးရန် တို့ဖြစ်ပါတယ်။                                                                                                                            ရဲနိုင်ဦး

Categories: Post

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *