ယခင်အပါတ်တွင် အင်ဂျင်၏ ချောဆီစနစ်များအကြောင်း ဆွေးနွေးခဲ့ပြီး ယခုတစ်ပါတွင် အင်ဂျင်၏ လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များအကြာင်းကို ဖော်ပြသွားပါမည်။ အင်ဂျင်၏ လျှပ်စစ်စနစ်
တွင် Electronic Control Module (ECM) or Electronic Control Unit (ECU), Wiring Harness, Sender, Sensor, Solenoid, Injector Harness စသည်တို့ ပါဝင်ပါသည်။ အင်ဂျင်အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များ ကိုတိကျမှန်ကန်စွာလုပ်ဆောင်နိုင် ထိန်းချုပ် အမိန့်ခြင်းပြုလုပ်သောအရာမှာ အင်ဂျင်၏ လျှပ်စစ်စနစ်ဖြစ်ပါသည်။ အင်ဂျင်၏မီးပေါက်စဉ်ပိုမိုတိကျပြီး အင်ဂျင်ဆီစားနှုန်းသက်သာ စေရန်နှင့် အင်ဂျင်စွမ်းဆောင်ရည်များ မြှင့်တင်လုပ်ဆောင်နိုင်ရန်အတွက် ယခင်က ရိုးရိုး Mechanical Engine များကိုသာထုတ်လုပ်ခဲ့ကြပြီး ယခုအခါ Electronic Engine အမျိုးမျိုးတို့ကို ထုတ်လုပ်လာခဲ့ ကြပါသည်။ လျှပ်စစ်ထိန်းချုပ်အင်ဂျင်အများအစားများတွင် Common Rail, Hydraulically Electronic Unit Injector စသည်စနစ်များဖြင့် စွမ်းအင်မြင့် အင်ဂျင်များကို ထုတ်လုပ်လာကြပါသည်။ အင်ဂျင်တစ်လုံးစွမ်းအားမြင့်စေရန် တိကျသောဆီဖြန်းအားနှင့် ကောင်းမွန်သန့်ရှင်းသောလေဖိကျစ်အား
များလိုအပ်သဖြင့် အဆင့်မြင့်လျှပ်စစ်စနစ်ဖြင့် အသုံးပြုလာကြခြင်းဖြစ်ပါသည်။ အင်ဂျင်ဆင်ဆာများ မှာ အင်ဂျင်၏လက်ရှိအခြေအနေများကို အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များ အင်ဂျင် ကွန်ထရိုလာသို့ပေးပို့ပြီး အင်ဂျင်၏လုပ်ဆောင်ချက်များကို တွက်ချက်ထိမ်းညှိပေးကာ အင်ဂျင် ကွန်ထရိုလာမှတဆင့် Machine ECM သို့ပေးပို့ပါသည်။ လျှပ်စစ်စနစ်သုံး အင်ဂျင်များတွင် အဓိက ကွန်ထရိုလာ ၂ လုံးဖြစ်ပါသည် စက်တစ်စီးလုံးကိုထိမ်းချုပ်သည့် Vehicle Electronic Control Unit (VECU) or Machine ECM နှင့် Engine ECM တို့ဖြစ်ပါသည်။ အင်ဂျင်တစ်ခုလုံးကို အင်ဂျင်ကွန်ထရို လာကသာ ထိမ်းချုပ်ပြီး စက်တစ်စီးလုံးကို Machine ECM ကထိမ်းချုပ်ပါသည်။
 
Sender, Switch & Sensor – ဆင်ဆာနှင့် ဆင်ဒါများမှာ အချက်အလက်များကိုတိုင်းတာ ဖတ်ရှု့ပြီး သက်ဆိုင် ရာထိန်းချုပ်သည့် ကိရိယာသို့ ပေးပို့သူများဖြစ်ကြ ပါသည်။ အင်ဂျင်ဆင်ဆာများမှာ အင်ဂျင်၏လုပ် ဆောင်ချက် လှုပ်ရှားမှု့ဆစ်ခနယ်များကို ဝါယာထုတ်မှတဆင့် အင်ဂျင်ကွန်ထရိုလာ သို့ပေးပို့ပါသည်။ အင်ဂျင်များတွင် အဓိကတပ်ဆင်ထားသော ဆင်ဆာများမှာ Speed Sensor, Speed & Timing Sensor (Cam Shaft Sensor), Coolant Temperature Sensor, Coolant Temperature Sender, Engine Oil Pressure Sensor, Engine Oil Level Switch, Fuel Filter Sensor, Fuel Pressure Sensor, Rail Pressure Sensor, Turbo Outlet Pressure Sensor, Ambient Temperature Sensor, Intake Air Temperature Sensor စသည်တို့ဖြစ်ပါ သည်။
 
(၁) Speed Sensor – အင်ဂျင် စပိဆင်ဆာကို အင်ဂျင်ဖလိုင်းဝှီးတွင် တပ်ဆင်ထားပါသည်။ ဆင်ဆာ၏ ထိပ်မှ ဖလိုင်းဝှီးဂီယာသွားများ ဖြတ်သန်းသွားသော ကြိမ်နှုန်းကို ဖတ်ရှု့ပြီး ကွန်ထရိုလာ သို့ ပေးပို့ပါသည်။ ထိုပေးပို့လာသော ဆစ်ခနယ်အပေါ်မူတည်၍ အင်ဂျင်နှင့် ဟိုက်ဒရောလစ်ပန့်၏ လုပ်ဆောင်ချက်များကို ကွန်ထရိုလာမှ ဆုံးဖြတ်တွက်ချက်ကာဆောင်ရွက်ပေးပါသည်။ အင်ဂျင်စပိ ဆင်ဆာကိုသံလိုက်ဆင်ဆာဟုလည်းကောင်း ဖလိုင်းဝှီးဆင်ဆာဟုလည်းကောင်းခေါ်ဝေါ်ကြပါသည်။ အင်ဂျင်စပိဆင်ဆာ တပ်ဆင်ရာတွင် ဂျန်းနပ်ကို အဆုံးနားထိလျော့ပြီး ဖလိုင်းဝှီးနှင့်ဆင်ဆာထိ အောင်လှည့်ပါ ထိပြီးလျှင် နောက်သို့ တစ်ပါတ်ပြန်လျော့ပါ ဆင်ဆာထိပ်နှင့် ဖလိုင်းဝှီးဂီယာသွား ကြားအကွာအဝေးမှာ အလွန်အရေးကြီးလှပါသည်။ ဝေးသွားလျှင် ဆင်ဆာမဖတ်ပဲ ကွန်ထရိုလာသို့ ပေးပို့သော အင်ဂျင်အပါတ်အရေးအတွက် မှားယွင်းပြီး နီးလွန်းသွားပါက ဖလိုင်းဝှီးခါရမ်းမှု့ကြောင့် ဆင်ဆာထိပ်ပွင့်ကာ ဆင်ဆာပျက်စီးတတ်ပါသည်။ စပိဆင်ဆာမကောင်းပါက အင်ဂျင် RPM ပုံမှန် မရှိတော့သည်ကို ကွန်ထရိုလာမှသိရှိပြီး အင်ဂျင်ဟိုက်ဒရောလစ် ဝန်အားမမျှဖြစ်ကာ စက်၏လုပ် ဆောင်ချက်များ ပုံမှန်မဟုတ်သော အခြေအနေသို့ ဖြစ်ပေါ်စေပါသည်။ ထို့အပြင် အင်ဂျင်မီးခိုးလိုက် ခြင်း၊ အင်ဂျင်သံပုံမှန်မဟုတ်ခြင်း၊ အင်ဂျင်အပါတ်ရေများ အတက်အကျ မမှန်ကန်ခြင်း၊ စက်လေးခြင်း၊ ဝန်မရုံးနိုင်ခြင်း၊ AEC မမှန်ကန်ခြင်း စသည်များစွာသော ပြဿနာများကို ဖြစ်ပေါ်စေ နိုင်ပါသည်။ အင်ဂျင် အပါတ်ရေမှန်ကန်မှု့သည် အင်ဂျင်တစ်လုံးအတွက် အလွန်အရေးကြီးလှ၍ အင်ဂျင်စပိဆင်ဆာ လုပ်ဆောင်ချက်မမှန်ပါက ချက်ချင်းစစ်ဆေးပြင်ဆင်ရမည်ဖြစ်ပါသည်။
 
(၂) Speed & Timing Sensor (Camshaft Sensor) – ကမ်ရှတ်၏လည်ပါတ်မှု့ကို ဖမ်းယူ သတင်းပို့ရန် အင်ဂျင်ရှေ့ချမ်းတွင်တပ်ဆင်ထားပါသည်။ ကမ်ရှတ်နှင့် အင်ဂျင်ဟတ်မှ ဗားထရိန်းများ ကိုပွတ်ရော့ဖြင့်ချိတ်ဆက်ထားသည်ဖြစ်၍ အင်ဂျင်၏တိုင်မင်မှန်ကန်မှု့များသည် ကမ်ရှတ်လည်ပါတ် မှု့များဖြင့်တိုက်ရိုက်ဆက်စပ်နေပါသည်။ ဆင်ဆာမကောင်းခြင်း ဆစ်ခနယ်မမှန်ကန်မှု့များ အင်ဂျင် ကွတ်ထရိုလာသို့ ပို့ဆောင်ပါက အင်ဂျင်၏ ဗားတိုင်မင်လည်ပါတ်မှု့များပါမှားယွင်းခြင်း၊ မိးခိုးဖြူများ ထွက်ခြင်း၊ အင်ဂျင်ဆူညံသံဖြစ်ပေါခြင်း စသည်များစွာသော ပြသနာများကို ဖြစ်ပေါ်စေပါသည်။ အင်ဂျင်တိုင်မင်ဆင်ဆာကိုလဲလှယ်ပြီးပါက တိုင်မင်ကယ်လီဘရိတ်ပြန်လုပ်ပေးပြီး ဆင်ဆာအသစ် နှင့် အင်ဂျင်ကွန်ထရိုလာကို ချိတ်ဆက်ဆောင်ရွက်ပေးရပါသည်။
 
(၃) Coolant Temperature Sender & Sensor – ရေအပူချိန် ဆင်ဒါနှင့် ဆင်ဆာမှာ အများအားဖြင့် ရေလိုင်းသာမိုစတတ် အနီးတွင်တပ်ဆင်ကြပါသည်။ ရေအပူချိန် အနိမ့်အမြင့် အပူအအေးပေါ်မူတည်၍ ဆင်ဆာ၏ ဆစ်ခနယ်များပြောင်းလဲကာ ကွန်ထရိုလာသို့ ပေးပို့ပါသည်။ ကွန်ထရိုလာမှာ ထိုပေးပို့သော ဆစ်ခနယ်အပေါမူတည်၍ တွက်ချက်ကာ စက်၏မော်နီတာတွင် ပြသပေးပါသည်။ အင်ဂျင်တစ်လုံးသည် ပူမှန်အပူချိန် 90 ဒီဂရီဝန်းကျင်သာရှိရမည်ဖြစ်ပြီး ၁၀၀ ဒီဂရီ အထက်ရောက်ရှိပါက အပူလွန်ကဲ အိုဗာဟိ ဖြစ်နေပါသည်။ အင်ဂျင်ကို ပုံမှန်မောင်းနှင်ခြင်းအပူချိန် တွင်ရှိနေစေရန် သာမိုစတပ်ကိုတပ်ဆင်ထားကြပြီး ထိုအပူအချိန်များကို ရေဟိဆင်ဆာမှဖတ်ရှု့ကာ အချိန်နှင့်အမျှ အင်ဂျင်ကွန်ထရိုလာသို့ ပေးပို့ပါသည်။ ရေလည်ပါတ်မှု့မမှန်ကန်ခြင်းကြောင့် အပူချိန် တက်တတ်ပြီး ဆင်ဆာမကောင်း၍လည်း မော်နီတာတွင် အပူချိန်တက်ကြောင်းကို မှားယွင်းကာ ပြသတတ်ပါသည်။ အင်ဂျင်အပူချိန်တက်နေကြောင်း ထိုဆင်ဆာမှ ကွန်ထရိုလာသို့ပေးပို့က အင်ဂျင်၏ အပါတ်ရေများကို လျော့ချကာထိန်းချုပ်ပေးပါသည်။ အင်ဂျင်အလွန်အေးလွန်းနေပါအ အင်ဂျင်၏မီးပေါက်မှု့များမှာ လေးလံစွာလှုပ်ရှားရမည်ဖြစ်ပြီး အလွန်ပူလွန်းပါကလည်း ထိုမီးပေါက် ခန်းနှင့်ဆက်စပ်နေသော ပင်စတင်၊ လိုင်နာ၊ အိတ်ဇော အင်းလတ်ဗျားများနှင့် အင်ဂျင်ဟတ်မျက်နှာ ပြင်များစွာ လောက်ကျွန်းပျက်စီးနိုင်ပါသည်။ ရေဟိဆင်ဆာကောင်းမွန်ရန်အလွန်အရေးကြီးပြီး ပျက်စီးခြင်း ဆစ်ခနယ်မှားခြင်းဖြစ်ပေါ်ပါကလည်း အမြန်ဆုံးလဲလှယ်တပ်ဆင်ပေးရပါမည်။ အင်ဂျင် အပူချိန်မှာ အလွန်အရေးကြီး၍ စက်၏ရှေ့စခရင် မော်နီတာတွင် ဖော်ပြထားပါသည်။
 
(၄) Engine Oil Pressure Sensor – အင်ဂျင်ဝိုင်ဖိအားသည် အင်ဂျင်တစ်ခုလုံး၏အသက်ဖြစ် ပါသည်။ အင်ဂျင်ဝိုင်ပရတ်ရှာဆင်ဆာမကောင်းပါက မော်နီတာတွင် အဆင့် ၃ နောက်ဆုံးဝမ်နိမ် အလမ်းပေးပါသည် မီးအနီရောင်သာမက အသံများပါတီတီတီမည်လာပါသည်။ ချက်ချင်းအင်ဂျင်ကို ရပ်ရန်သတိပေးနေခြင်းဖြစ်ပါသည်။ အင်ဂျင်ဝိုင်ဖိအားဆင်ဆာကို အင်ဂျင်ဘလောက် အင်ဂျင်ဝိုင် လိုင်းတွင်တပ်ဆင်ထားပြီး အင်ဂျင်ဝိုင်၏ ဖိအားကိုဖတ်ရှု့ကာ ကွန်ထရိုလာသို့ပေးပို့ပြီး ထိဖိအားကို စက်၏မော်နီတာတွင် ကြည့်ရှု့နိုင်ပါသည်။ အင်ဂျင်ဝိုင် ပရတ်ရှာဆင်ဆာ မကောင်းခြင်းကြောင့် အင်ဂျင်အပါတ်ရေ မတက်လာခြင်း၊ မီးခိုးမဲလိုက်ခြင်း နှင့် အင်ဂျင်အားမရှိခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။ အင်ဂျင်တစ်ခုလုံးအတွက် ထိုဆင်ဆာသည်အလွန်အရေးကြီး၍ စစ်ဆေးပြီး လုပ်ဆောင်ချက်များ မှာယွင်းနေပါက ချက်ခြင်းပြင်ဆင်လဲလှယ်ရမည်ဖြစ်ပါသည်။
 
(၅) Engine Oil Level Switch – အင်ဂျင်ဝိုင် လယ်ဗယ်ဆွစ်သည် အင်ဂျင်ကရိုင်းကစ်တွင် တပ်ဆင်ထားပြီး အင်ဂျင်ဝိုင်အနည်းအများပမာဏကို အင်ဂျင်ကွန်ထရိုလာသို့ ဆစ်ခနယ်ပေးပို့ပါ သည်။ အင်ဂျင်ဝိုင် လယ်ဗယ်နဲနေပါက စက်၏ရှေ့မောနီတာတွင် အင်ဂျင်ဝိုင်နဲ့နေကြောင်းကို ပုံစာ တို့ဖြင့် အလန်းပေးဖော်ပြနေပါလိမ့်မည်။ အင်ဂျင်ဝိုင်လယ်ဗယ်ဆွစ်အထိုင်မှ အင်ဂျင်ဝိုင်ယိုစိမ့်တတ် ပြီး ဆွစ်အလယ်မှတဆင့်လဲ စိမ့်တတ်၍ သတိထားစစ်ဆေးသင့်ပါသည်။
 
(၆) Fuel Filter Sensor & Pressure Sensor – ဆီလိုင်းဖိအားဆင်ဆာနှင့် ဆီဖစ်တာဆင် ဆာကို အများအားဖြင့် ဆီဖစ်တာတွင်တပ်ဆင်ထားကြပါသည်။ ဆီဖစ်တာပိတ်ဆို့မှု့ရှိမရှိသိစေရန် ဆီဖစ်တာဆင်ဆာကို တပ်ဆင်ထားပါသည်။ ဆီဖစ်တာတွင် အမှုန်အမွှားများဖြင့် ပိတ်ဆို့နေပါက အင်ဂျင်ကွန်ထရိုလာသို့ သတင်းပို့ပါသည်။ ထိုသတင်းပေးပို့မှု့ကြောင့် အင်ဂျင်ကွန်ထရိုလာမှ အင်ဂျင်အပါတ်ရေကိုလျော့ကျစေကာ အင်ဂျင်ဝတ်ခြင်း အင့်ခြင်းတို့ကိုဖြစ်ပေါ်စေ၍ ဆီဖစ်တာကို အမြန်လဲလှယ်ပေးရန်လိုအပ်ပါသည်။ ဆီလိုင်းဖိအားဆင်ဆာမှ ဆီလိုင်းစီးဆင်းနှုန်းကို အင်ဂျင်ကွန် ထရိုလာသို့ ပေးပို့ပါသည်။ ဆီဖိအားနည်းပါက မော်နီတာတွင် ဆီဖိအားနည်းသည်ဟုဖော်ပြပါသည်။ ဆီလိုင်းများပိတ်ခြင်း ဟာခြင်း နှင့် ဆီပန့်မကောင်းခြင်းတို့ကြောင့်ဆီဖိအားနည်းနိုင်ပါသည်။
 
(၇) Rail Pressure Sensor – Common Rail စနစ် အင်ဂျင်များတွင် ဆီလိုင်းမန်နီဖိုးတွင် ဆပလိုင်းပန့်မှထွက်လာသော စီးဆင်းအားကို အင်ဂျင်ကွန်ထရိုလာသို့ ပေးပို့ပါသည်။ ဆီဖိအားနည်း ပါက အင်ဂျင်သံမမှန်ခြင်း ၊ စက်အနှိုုးထိုင်းခြင်း၊ အင်ဂျင်မီးခိုးမဲလိုက်ခြင်း နှင့် အင်ဂျင်အရုံးအဆွဲမ ကောင်းခြင်းစသော လက်ခနာများဖြစ်ပေါ်စေပါသည်။ ကွန်မောင်းရေးပရတ်ရှာ နည်းရသော အဓိက အကြောင်းအရင်းများမှာ ဆီဖစ်တာပိတ်ခြင်း၊ ဆပလိုင်းပန့်မကောင်းခြင်း၊ ဆီတိုင်ကီပိတ်ခြင်း၊ ဆီလိုင်းများပိတ်ဆို့ခြင်း၊ ပန့်အဝင်မှ စကာလေးပိတ်ဆို့ခြင်းနှင့် ဆင်ဆာဝါရာလိုင်းမကောင်းခြင်း စသည်တို့ကြောင့် ဆီဖိအားနည်းနိုင်ပါသည်။
 
(၈) Turbo Outlet Pressure Sensor ( Boost Pressure Sensor) – အင်ဂျင်၏စွမ်းဆောင် ရည်ပိုမိုကောင်းမွန်စေရန် လေနှင့်ဆီအချိုးများပိုမိုကောင်းမွန်စေရန် လိုအပ်သောလေကို ပိုမိုရရှိ အောင်စွမ်ဆောင်ခြင်းဖြင့်လုပ်ဆောင်ပါသည်။ ထိုဆင်ဆာများသည် တာဗို၏ အင်လတ်ဘက်မှ ဘုပရတ်ရှာကို ထိန်းချုပ်ဆောင်ရွက်ပါသည်။ ၎င်းဆင်ဆာမကောင်းပါကဆီ လေ အချိုးမမှန်ကန်ခြင်း မီးပေါက်ခန်းထဲတွင် မီးပေါက်စဉ်များမှန်ကန်မှု့မရှိခြင်း၊ အင်ဂျင်ဝတ်ခြင်း အားနည်းခြင်း၊ နှိုးရခက်ခြင်း၊ အင်ဂျင်ဆလိုးတွင်အသံကြမ်းခြင်း နှင့် အင်ဂျင်မီးခိုးမဲခြင်း စသည်ပြဿနာများ ဖြစ်ပေါ်စေပါသည်။ ထိုလက်ခနာများ တွေ့ရှိရပါက အင်ဂျင်၏စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ရန်အတွက် အမြန်ဆုံးစစ်ဆေးပြင်ဆင်ကြရပါမည်။
 
(၉) Ambient Temperature Sensor (Atmospheric Pressure Sensor) – ပြင်ပလေ၏ အပူချိန်ကိုတိုင်းတာသော လေအပူချိန်တိုင်းဆင်ဆာဖြစ်ပြီး ထိုပြင်ပအပူချိန်ကို အင်ဂျင်ကွန်ထရိုလာ သို့ပေးပို့ပါသည်။ စက်၏မော်နီတာတွင် ပြင်ပလေအပူချိန်ကို ဖော်ပြပေးပါသည်။ အေးခဲသောရာသီ ဉတုတွင်လုပ်ကိုင်သော အင်ဂျင်စက်များတွင် ထိုပြင်ပအပူချိန်သည်အရေးကြီးလှပါသည်။
 
(၁၀) Intake Air Temperature Sensor – အင်တိတ်မန်နီဖိုးတွင်တပ်ဆင်ထားပြီး အင်ဂျင် အတွင်းသို့ဝင်ရောက်သော လေများ၏အပူချိန်ကိုတိုင်းတာကာ အင်ဂျင်ကွန်ထရိုလာသို့ပေးပိုပါသည်။ လေပူများသည် လေနှင့်ဆီအရောအနှော၏ သိပ်သည်းဆကိုလျော့နည်းစေပြီး အေးသောလေများ သာလျှင် လေ၏သိပ်သည်းဆကောင်းမွန်ကာ လေနှင့်ဆီအရောအနှော် မီးပေါက်အားကို အားကောင်း စေပါသည်။ ထိုဆင်ဆာမကောင်းပါက အင်ဂျင်ထိုးရပ်ခြင်း၊ အင်ဂျင်ဆလိုးတွင် အသံကြမ်းခြင်း နှင့် အင်ဂျင်မီးခိုးလိုက်ခြင်းများ ဖြစ်ပေါ်စေတတ်၍ စစ်ဆေးပြင်ဆင်ရပါမည်။
 
 
နောက်တစ်ပါတ်များတွင် အင်ဂျတ်တာဆိုလိုနိုက်၊ Fuel Shut Off Solenoid ၊ Wiring Harness နှင့် Engine Control Module (ECM) များအကြောင်းကိုဆက်လက်တင်ပြသွားပါမည်။
 
 
Aung Min Soe
Sales & Marketing Manager
Real Power Trading Company
 
Categories: Post

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *