အင်ဂျင်တစ်လုံး ကောင်းစွာအလုပ်လုပ်ဖို့ ချောဆီဟာ အရေးကြီးတဲ့ ပစ္စည်းဖြစ်ပါတယ်။ အင်ဂျင်ပေါ်ခါစမှာတော့ သဘာဝတွင်းထွက်ရေနံစိမ်း (Crude Oil) ကနေ ထုတ်လုပ်ရရှိတဲ့ ဘေ့စ်ဝိုင်း (Base Oil) တစ်မျိုးတည်းကိုသာ အင်ဂျင်ချောဆီအဖြစ် အသုံးပြုခဲ့ကြပါတယ်။

ယနေ့မျက်မှောက်ခေတ်မှာတော့ အဆိုပါဘေ့စ်ဝိုင်းကို ရာခိုင်နှုံး ၇၂ မှ ၉၀ အထိသာ ထည့်သွင်းပြီး ကျန်ရှိသော ရာခိုင်နှုံး ၁၀ မှ ၂၈ မှာ ချောဆီအတွက် ပိုမိုကောင်းမွန်မည့် ဖြည့်စွက်ပစ္စည်းများ (Additives) ရောနှောထုတ်ထုတ်လုပ်လာကြပါတယ်။

ဒါဟာ အင်ဂျင်များ နည်းပညာမြှင့် ထုတ်လုပ်လာတာနှင့်အမျှ ချောဆီကိုလည်း နည်းပညာမြှင့်ပြီး ထုတ်လုပ်လာကြခြင်းကြောင့် ဖြစ်ပါတယ်။

နည်းပညာမြှင့်တင် ထုတ်လုပ်ရာမှာ အင်ဂျင်အတွက်တင်မက ပတ်ဝန်းကျင်ထိခိုက်မှု၊ မီးခိုးထွက်ရှိမှု အစရှိတဲ့ ဘေးထွက်ဆိုးကျိုးများ ကာကွယ်ရန်နည်းများပါ ထည့်သွင်းစဉ်းစား ထုတ်လုပ်လာကြပါတယ်။

ယနေ့ ခေတ်နဲ့အညီထုတ်လုပ်ထားသော ဖြည့်စွက်ပစ္စည်းများပါရှိသည့် ချောဆီဟာ အင်ဂျင်အတွက် ဘာတွေလုပ်ပေးသလဲ၊ ဘာတွေဆောင်ရွက်ပေးသလဲ ဆိုတာ ဆက်ပြီးဖော်ပြပေးလိုက်ပါတယ်။

(က) ချောစေခြင်း။

ဒီအချက်ကတော့ ချောဆီရဲ့ အဓိကအချက်ပါ။ အင်ဂျင်တစ်လုံး အလုပ်လုပ်တဲ့အခါ လှုပ်ရှားနေတဲ့ ပစ္စည်းအစိတ်အပိုင်း အားလုံးသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်မှုဖြစ်ပါတယ်၊ အဲဒီပွတ်တိုက် လှုပ်ရှားမှုကို လျော့ချပြီး ချောမွတ်စေဖို့ဟာ ချောဆီရဲ့တာဝန်ပါ။

(ခ) အပူလျော့ချပေးခြင်း။

အင်ဂျင်၏ လှုပ်ရှားနေသောအစိတ်အပိုင်းတွေဟာ တစ်ခုနှင့်တစ်ခု ထိစပ် ပွတ်တိုက်တဲ့အခါ အပူထွက်ပါတယ်၊ အဲဒီအပူဖြစ်လာတာကို သူ့ထက်အေးတဲ့ ချောဆီက အေးစေခြင်းဖြစ်ပါတယ်။ ပူသွားတဲ့ချောဆီဟာ နောက်ထပ်ပြန်သုံးလို့ရအောင် အအေးခံလို့ရမယ့်နေရာသို့ စီးသွားကြပါတယ်။ အင်ဂျင်များအတွက် လေ သို့မဟုတ် ရေ(အရည်)ဖြင့် အအေးခံစနစ် အသုံးပြုထားသော်လည်း အတွင်းအစိတ်အပိုင်း တချို့ကိုမူ ၎င်းအအေးခံစနစ်က တိုက်ရိုက်အေးမပေးနိုင်ပါ။ ဥပမာအားဖြင့် ပစ္စတင်အစုအဖွဲ့ပစ္စည်းများ၊ ၎င်းတို့ကို ချောဆီဖြင့်သာ အအေးခံပေးနိုင်ပါသည်။

(ဂ) လေနှင့်အငွေ့တို့ကို လုံအောင် ဆောင်ရွက်ပေးခြင်း။

ဓါတ်ဆီအင်ဂျင်ဖြစ်ဖြစ်၊ ဒီဇယ်အင်ဂျင်ဖြစ်ဖြစ် မီးလောင်ခန်းအတွင်း ဖိအားမြင့်ဖြစ်ပေါ်စေရန် လေလုံဖို့ မဖြစ်မနေ လိုအပ်ပြီး ၎င်းအချက်အတွက် ပစ္စတင်နှင့် စလစ်လိုင်နာကြားတွင် ပစ္စတင်ရင်း တစ်မျိုးတည်းဖြင့် မဖြစ်နိုင်ပါ။ အဆိုပါ ပစ္စတင်၊ စလစ်လိုင်နာ၊ ပစ္စတင်ရင်းတို့ ဘယ်လောက်ကောင်းကောင်း သူတို့ဆီကို ချောဆီမရောက်ပါက ဖိအားမြင့်မဖြစ်ပေါ်ဘဲ အင်ဂျင် အလုပ်မလုပ်နိုင်ပါ။ မီးလောင်ပြီးနောက် မီးခိုးများ ကရိုင်းကေ့အတွင်း ဝင်ရောက်မှုကိုလည်း ကာကွယ်ပေးပါသေးတယ်။ ၎င်းနေရာသည် အင်ဂျင်အလုပ်လုပ်နေလျှင် အပူချိန်ရော ဖိအားပါ အရမ်းများပါသည်။ ၎င်းဒဏ်ကို ချောဆီကသာ လုပ်ပေးနိုင်ပါသည်။

(ဃ) ပွတ်တိုက်မှုနှင့် ပွန်းစားမှုဒဏ်ကို ကာကွယ်ပေးခြင်း။

အင်ဂျင်မောင်း(နှိုး)ထားလျှင် ကရိုင်းရှပ်သည် ဘယ်ယာရင်ပေါ်မှာ လည်နေခြင်း မဟုတ်ဘဲ ချောဆီပေါ်မှာသာ လည်နေခြင်းဖြစ်ပါတယ်။ ထိုနည်းတူ ကရိုင်းပင်နှင့် ကွန်နတီးဘယ်ယာရင်၊ ကမ်ရှပ်နှင့် ကမ်ရှပ်ဘယ်ယာရင်၊ ရော့ကာအမ်းရှပ်နှင့် ၎င်းရှပ်ဘွတ်ရှီ တို့ဟာ ချောဆီကြားခံ လည်ပတ်နေတဲ့အတွက် ပွတ်တိုက်ပွန်းစားမှု မဖြစ်ပါ။

(င) ဓါတ်တိုးမှု မဖြစ်အောင် ကာကွယ်ပေးခြင်း။

အင်ဂျင်မီးလောင်ခန်းတွင် မီးလောင်ကျွမ်းမှုကြောင့် အပူချိန်မြင့်တက်နေပါသည်။ ၎င်းအပူချိန်၌ မီးခိုးများနှင့် ချောဆီအနည်းငယ်တို့ ရောစပ်ဓါတ်ပြု၍ ဓါတ်တိုးမှုဖြစ်နိုင်ပါသည်။ ဓါတ်တိုးပြီး ထွက်ရှိလာသည့် မီးခိုးငွေ့များကြောင့် အက်စစ်မိုး ရွာနိုင်ပါသည်။ အဲဒီလိုဖြစ်ပေါ်ခြင်းသည် ဓါတ်တိုးမှုကို ကာကွယ်ပေးခြင်း သို့မဟုတ် ကာကွယ်ပေးသည့် ဖြည့်စွက်ပစ္စည်းများ ပါရှိမှုပမာဏနည်းခြင်း၊ မပါရှိခြင်းကြောင့် ဖြစ်ပါသည်။

အင်ဂျင်မှထွက်ရှိသည့် မီးခိုးများသည် အက်စစ်မိုးရွာခြင်းကို ဖြစ်ပေါ်နိုင်သည် ဆိုသော်လည်း အဆိုပါပစ္စည်းများ လုံလောက်စွာ ပါရှိလျှင် အက်စစ်မိုးရွာခြင်း မဖြစ်ပေါ်စေနိုင်ပါ။

(စ) အင်ဂျင်အတွင်း သတ္ထုချေး(ဂျီး) မဖြစ်အောင် ကာကွယ်ပေးခြင်း။

အင်ဂျင်းအတွင်းရှိ သတ္ထုပစ္စည်းများသည် အပူအအေးပြောင်းလဲမှုကြောင့် အညှိတက်ခြင်း၊ ချေး(ဂျီး)တက်ခြင်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ချောဆီသာ ရှိနေပါက ၎င်းပစ္စည်းများကို ဆီသုပ်လိမ်းပြီး ကာကွယ်ထားသလို ဖြစ်နေပါလိမ့်မည်။ အလွယ်တကူ သံချေးတက်ခြင်း၊ ကြေးညှိတက်ခြင်း၊ သတ္ထုဂျိုးတက်ခြင်းတို့ကို ချောဆီက ကာကွယ်ပေးပါတယ်။

(ဆ) ချောဆီအတွင်း အမြှုပ်မဖြစ်ပေါ်အောင် တားဆီးပေးခြင်း။

ဆီအမျိုးမျိုးရှိရာ တချို့သောဆီများတွင် အမြှပ်ထခြင်းကို တွေ့နိုင်သည်။ (မြင်သာသည့် ဥပမာပေးရလျှင် စားဆီများတွင် အမြှပ်ထသည့်အခြေအနေများ မြင်တွေ့ဖူးပါလိမ့်မည်။) အင်ဂျင်အတွက် ချောဆီသည် အမြှပ်ထခြင်း လုံးဝ မရှိရပါ။ သို့မှသာ အင်ဂျင်၏ ရှပ်အမျိုးမျိုးနှင့် ဘယ်ယာရင်တို့အကြား ချောဆီအလွှာ ပါးပါးလေးဖြင့် ဖုံးအုပ်ပြီး ချောမွေ့လည်ပတ်နေပါမည်။ အမြှပ်ထခြင်းသည် ချောဆီအတွင်း လေပူပေါင်း ဖြစ်ပေါ်ခြင်းဖြစ်၍ ၎င်းဖြစ်ပေါ်မှုကြောင့် ရှပ်အမျိုးမျိုးနှင့် ဘယ်ယာရင်များ လျှင်မြန်စွာ ပွန်းစားပျက်စီးစေပါလိမ့်မည်။

(ဇ) အင်ဂျင်အတွင်း သန့်ရှင်းရေး ပြုလုပ်ပေးခြင်း။

အင်ဂျင်အတွင်း လှုပ်ရှားလည်ပတ်နေသည့် ပစ္စည်းအစိတ်ပိုင်းများသည် ဘယ်လောက်ပင် တိကျပါစေ (အင်ဂျင်အသစ် ဖြစ်လျှင်တောင်) အနည်းအများ ပွန်းစားပြီး အမှုန်အမွှားများ ထွက်ရှိနိုင်သည်။ ထိုအမှုန်အမွှားများကို ချောဆီသည် လှုပ်ရှားလည်ပတ်နေသည့် အစိတ်အပိုင်းများအကြား ဝင်ရောက်သွားရာ လမ်းတလျောက် ဆီနှင့်အတူ သယ်ဆောင်သွားနိုင်စွမ်းရှိရမည်။ ထို့အပြင် ပစ္စတင်ရင်းများကြားမှ ကရိုင်းကေ့အတွင်း ယိုစိမ့်လာသော မီးခိုးငွေ့များကြောင့် ဖြစ်ပေါ်လာသည့် ကျပ်ခိုးများကိုလည်း ဝါးမြိုနိုင်စွမ်း ရှိရပါမည်။ အဆိုပါစွမ်းရည်ပါရှိလျှင် အင်ဂျင်အတွင်း အစိတ်အပိုင်းများ၏သက်တမ်းကို ရှည်ကြာစေပါသည်။ ဥပမာအနေဖြင့် ဒီဇယ်အင်ဂျင်မှာ အသုံးပြုပြီးသော ချောဆီအဟောင်းကို လေ့လာကြည့်လျှင် အရောင်မဲညစ်နေပါလိမ့်မည်။ ၎င်းမှာ ဓာတ်ဆီအင်ဂျင်ထက် ကျပ်ခိုးထွက်ရှိမှုများခြင်းကြောင့် ဖြစ်ပါသည်။

အထက်ဖော်ပြပါ ချောဆီဆောင်ရွက်ချက်များနှင့် ပြည့်စုံသည့် အင်ဂျင်ချောဆီကောင်းဖြစ်လျှင် အင်ဂျင်ကို အချိန်ကြာကြာမောင်းထားသော်လည်း အရည်အသွေးကျဆင်းမှု မဖြစ်ပေါ်ပါ။ အငွေ့ပျံဆုံးရှုံးမှုလည်း အနည်းဆုံးသာ ဖြစ်ပေါ်နိုင်ပါသည်။ ချောဆီလဲပေးရမည့် အချိန်ရောက်တိုင်း ချောဆီနှင့်အတူ ဆီစစ်များကိုပါ လဲပေးခြင်းဖြင့် အင်ဂျင်ရဲ့ သက်တမ်းကို အပြည့်အဝ အသုံးပြုနိုင်ကြပါစေ။

ယခု ပြောမည့်အကြောင်းကတော့ ချောဆီဝယ်သုံးစွဲတဲ့အခါ ဘယ်အချက်တွေကို ကြည့်ပြီး ရွေးချယ်ရမလဲဆိုတာ သိစေချင်တဲ့ ချောဆီသတ်မှတ်ချက်များ အကြောင်းပါ ခင်ဗျာ။

အင်ဂျင်အတွက် ချောဆီ၏ စံချိန် စံညွှန်း သတ်မှတ်ချက်များကို လေ့လာကြည့်လိုက်ရင် ပထဦးဆုံး စေးပျစ်မှုတန်ဖိုးဖြင့် ဖော်ပြခြင်းနှင့် စွမ်းဆောင်မှုအတန်းအစားဖြင့် ဖော်ပြခြင်း နှစ်မျိုးကို ချောဆီထည့်သော ဗူး၊ ပုံး၊ ပေပါ စသည်တို့ရဲ့ အပေါ်မှာ တွေ့ရှိနိုင်ပါတယ်။

(က) စေးပျစ်မှုတန်ဖိုးများ

ဆီအမျိုးအစားတိုင်းမှာ စေးပျစ်မှုတန်ဖိုး ရှိကြပါတယ်။ ၎င်းစေးပျစ်မှုတန်ဖိုးဟာ ပတ်ဝန်းကျင်အပူချိန်ပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဆီရဲ့စေးပျစ်မှုဟာ ပူရင် ကျဲပြီး အေးရင် ခဲသွားနိုင်ပါတယ်။ ဥပမာအနေနဲ့ အုန်းဆီ၊ စားအုန်းဆီ တို့ကို ကြည့်ရင် သိနိုင်ပါတယ်။

အင်ဂျင်အတွက်ချောဆီဟာ ပူရင်လည်း အရမ်းကျဲမသွားဖို့ လိုသလို အေးရင်လည်း ခဲမနေဖို့ လိုပါတယ်။ ပူလို့ကျဲရင် ဘယ်ယာရင်တွေ၊ ပစ္စတင်တွေ၊ ရှပ်တွေ ပွန်းစား ပျက်စီးပြီး အင်ဂျင်ရပ်သွားပါမယ်။ အေးလို့ခဲနေရင် အင်ဂျင်နှိုးလို့မရ ဖြစ်နေပါမယ်။ ဒါကြောင့် အင်ဂျင်အတွက်ချောဆီဟာ ပတ်ဝန်းကျင်အပူချိန် အေးသော်လည်း မခဲဘဲသောဆီ၊ ပူသော်လည်း အရမ်းမကျဲသော ဆီတွေ ထုတ်လုပ်လာကြပါတယ်။ အဲဒီဆီတွေအတွက် စေးပျစ်မှုတန်ဖိုးများကို SAE မှ တန်ဖိုး (၁၁) မျိုးဖြင့် 20W, 15W, 10W, 5W, 0W, 10, 20, 30, 40, 50, 60 ဆိုပြီး သတ်မှတ်ပေးထားပါတယ်။ ၎င်းတွင် ကိန်းဂဏန်းများသည် စေးပျစ်မှုတန်ဖိုး ဖြစ်ပြီး W သည် Winter (ဆောင်းရာသီ) လို့ အဓိပ္ပါယ်ရပါတယ်။ W ပါတဲ့ ဆီအမျိုးအစားဟာ ဆောင်းရာသီမှာ သုံးဖို့ သို့မဟုတ် ရေခဲသောနေရာဒေသမှာ သုံးဖို့လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီ (၁၁) မျိုးလုံးကို သီးခြား တစ်မျိုးစီထုတ်လုပ်ထားရင် Single Grade Oil လို့ ခေါ်ပါတယ်။

ယနေ့ခေတ် အင်ဂျင်တပ် ကားအမျိုးမျိုးနှင့် ယန္တရားအမျိုးမျိုးများကို ပူသောဒေသမှာ သုံးနေရာကနေ အေးသောဒေသသို့လည်း သွားရောက်အသုံးပြုနေကြပါတယ်။ အဲဒီလို အင်ဂျင်များအတွက် ချောဆီကို အပြောင်းအလဲ လုပ်စရာမလိုဘဲ တစ်မျိုးတည်းသုံးရုံဖြင့် ပတ်ဝန်းကျင်အပူချိန် အေးသော်လည် မခဲသောဆီ၊ ပူသော်လည်း အရမ်းမကျဲသော ဆီများလည်း ထုတ်လုပ်လာကြပါတယ်။ ဥပမာအနေနဲ့ 15W-40 ဆီ ဆိုပါစို့၊ ဆီတစ်မျိုးတည်းက ပတ်ဝန်းကျင်အပူချိန်ဟာ ရေခဲမှတ်အောက် ရောက်နေသော်လည်း မခဲဘဲ စေးပျစ်မှုတန်ဖိုး 15 ရှိနေပြီး ပူလာရင်လည်း ကျဲမသွားဘဲ စေးပျစ်မှုတန်ဖိုး 40 ရှိနေသေးတယ်လို့ ပြောခြင်းဖြစ်ပါတယ်။ ဒီလို စေးပျစ်မှုတန်ဖိုး နှစ်မျိုးရှိတဲ့ဆီကို Multi Grade Oil လို့ ခေါ်ပါတယ်။ (ပတ်ဝန်းကျင်အပူချိန်ဟာ အေးရင်လည်း အရမ်းအေးပြီး ပူရင်လည်း အရမ်းပူတဲ့ ကန္တာရဒေသတွေမှာ Multi Grade Oil ကို မဖြစ်မနေ အသုံးပြုရပါတယ်။)

(ခ) ထမ်းဆောင်နိုင်မှုအတန်းအစား

အင်ဂျင်ချောဆီ၏ ထမ်းဆောင်နိုင်မှု အတန်းအစားကိုတော့ API (American Petroleum Institute) က သတ်မှတ်ပါတယ်။ ဓါတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်တို့ဟာ တစ်ခုနှင့်တစ်ခု မီးလောင်ပေါက်ကွဲပုံခြင်း မတူကြပါဘူး။ ဓါတ်ဆီအင်ဂျင်ဟာ ဆီနဲ့လေအရောကို မီးလောင်ခန်းအတွင်း ဖိကျစ်ပြီးမှ မီးရှို့ကိရိယာ (Spark Plug) ရဲ့ အကူအညီနဲ့ မီးလောင်ပေါက်ကွဲပါတယ်။ ဒီဇယ်အင်ဂျင်ကတော့ မီးလောင်ခန်းအတွင်း လေတစ်မျိုးတည်းကို ဖိအားမြင့်မားအောင် ဖိကျစ်ပြီး ဆီဖျန်းကိရိယာ (Injection Nozzle) နှင့် ဆီဖျန်းလိုက်မှ မီးလောင်ပေါက်ကွဲပါတယ်။ လောင်စာဆီ အမျိုးအစား မတူသလို မီးလောင်အောင် ဖန်တီးရတာခြင်းမတူပါ။ ထို့အတူ ထွက်ရှိလာတဲ့ မီးခို့လို စွန့်ပစ်ပစ္စည်းတွေလည်း မတူကြပါ။ အဲဒီအတွက် အသုံးပြုကြတဲ့ ချောဆီကိုလည်း ဖြည့်စွက်ပစ္စည်းများ မတူအောင်ထည့်ပြီး ထုတ်လုပ်လာကြပါတယ်။ ထို့အပြင်  အင်ဂျင်ထုတ်လုပ်မှု အပိုင်းမှာလည်း Turbocharger, Intercooler, EGR (exhaust gas recirculation) စတဲ့ ပစ္စည်းများ တပ်ဆင်လာသည့် နည်းပညာတွေ တိုးတက်လာတာနှင့်အမျှ ချောဆီထုတ်လုပ်မှုသည်လည်း ပြောင်းလဲထုတ်လုပ်ကြတယ်။

အဲဒီလိုထုတ်လုပ်ရာမှာ ဓါတ်ဆီအင်ဂျင်အတွက် API သတ်မှတ်ချက်သည် SA, SB, SC, …., SN တို့ဖြစ်ပါတယ်။ S ဆိုတာ Service Category or Spark Ignation လို့ အဓိပ္ပါယ်ရပြီး A, B, C ကတော့ အဆင့်ဆင့် တိုးတက်ပြောင်းလဲ ထုတ်လာခြင်းအတွက် ဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင်အတွက် API သတ်မှတ်ချက်သည် CA, CB, CC, …., CI, CI-4, CJ, CJ-4 တို့ ဖြစ်ပါတယ်။ C ဆိုတာ Commercial Category or Compress Ignation လို့ အဓိပ္ပါယ်ရပြီး A, B, C ကတော့ အဆင့်ဆင့် တိုးတက်ပြောင်းလဲ ထုတ်လာခြင်းအတွက် ဖြစ်ပါတယ်။ နောက်မှာပါတဲ့ ကိန်းဂဏန်း 2 or 4 ရဲ့ အဓိပ္ပါယ်ကတော့ 2 for two stoke engine ဖြစ်ပြီး 4 for four stoke engine ဖြစ်ပါတယ်။

ဒါကြောင့် မိမိအင်ဂျင်အတွက် ချောဆီဝယ်ယူသုံးစွဲတဲ့အခါ အင်ဂျင်ထုတ်လုပ်သူက သို့မဟုတ် စက်ထုတ်လုပ်သူက ရည်ညွှန်းတဲ့ စံချိန်စံညွှန်းများအတိုင်း သတိပြု ဝယ်ယူကြပါ။ စံချိန်စံညွှန်း သတ်မှတ်ချက်ပြည့်စုံသော ချောဆီကို ဝယ်ယူအသုံးပြုခြင်းဖြင့် မိမိတို့ရဲ့ အင်ဂျင်ပျက်စီးခြင်းမှ ကာကွယ်နိုင်ကြပါစေဗျာ။ဒီလို  စံချိန်စံညွှန်း သတ်မှတ်ချက်ပြည့်စုံသော Gulf Lubricant ချောဆီကို Real Power Co.,Ltd. မှာ ဝယ်ယူအသုံးပြုနိူင်ပါပြီ ခင်ဗျာ

Categories: Post

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *